Wednesday, September 25, 2019

အပိုင္း (၄)

"ေက်ာက္စာကို ပစ္ပယ္၍
တိုင္းျခားသူတို့အလိုမူ လိုက္ရမည္ေလာ"
(ဓမၼရာဇက ဘုရား ေက်ာက္စာ ေလ့လာခ်က္)
[သံလြင္ျမစ္ အေရွ႕ဘက္အတိုင္း]
…………………………………………………………။  

ျမန္မာရာဇဝင္မွတ္တမ္းမ်ား၏ ေဖာ္ျပခ်က္အရ
နရပတိစည္သူမင္းႀကီး၏ ေကာင္းမႈေတာ္
ဓမၼရာဇိက ဘုရား၏ေက်ာက္စာ၌ အရိမဒၵနပူရ
ပုကံ(ပုဂံ)ပိုင္နက္နယ္ပယ္ႏွင့္ ပတ္သတ္၍
ေရးထိုးမွတ္တမ္းတင္ထားခဲ႔သည္ျဖစ္ရာ
နရပတိစည္သူမင္းႀကီးလက္ထက္ မဟာပုဂံ
ျမန္မာႏိုင္ငံေတာ္ဧရိယာသည္ ေတာင္ဘက္နယ္
နိမိတ္အျဖစ္ အင္ဒိုနီးရွား(လႏၵက/Landaka)
တိုင္ေအာင္၊ ေျမာက္ဘက္နယ္နိမိတ္အျဖစ္
ယူနနန္ျပည္နယ္အတြင္း၊ အေနာက္ဘက္
နယ္နိမိတ္အျဖစ္ ယခုအခါ အိႏၵိယႏွင့္ဘဂၤလားေဒ့ရွ္
ပိုင္နက္မ်ားျဖစ္ၾကေသာ ဂဂၤါျမစ္ဝွမ္းေဒသ၏
အေရွ႕ဘက္နယ္ေျမမ်ား အထိ ျမန္မာႏိုင္ငံေတာ္
ႀကီးမားက်ယ္ျပန့္ခဲ႔ေၾကာင္း သိရွိရျပီးျဖစ္သည္။
ေက်ာက္စာ၌-
အေရွ႕ဘက္နယ္နိမိတ္အျဖစ္-
"အေရွ႕သို့လားေသာ္ ႏိုင္ငံကား သံလြင္ျမစ္ အေရွ႕
ဘက္အတိုင္း" ဟု ေရးထိုးထားျပီး သံလြင္ျမစ္၏
အေရွ႕ဘက္ မည့္သည့္အရပ္ေဒသအထိ ပိုင္နက္
နယ္ပယ္ရွိခဲ႔ေၾကာင္း ေရွ႕က ေဖာ္ျပခဲ႔ေသာ
ေတာင္ ေျမာက္ အေနာက္ အရပ္ေဒသမ်ားကဲ႔သို့
မပါရွိပါေပ။
"သံလြင္ျမစ္ အေရွ႕ဘက္အတိုင္း" ဟု ေဖာ္ျပ
ထားသည္ကို "သံလြင္ျမစ္အထိသာ" ဟု
မွတ္ယူရန္ မျဖစ္ပါေခ်။ "အေရွ႕ဘက္အတိုင္းဟု
ဆိုသျဖင့္ သံလြင္ျမစ္၏ အေရွ႕ဘက္ မည္မ်ွ
ေဝးေဝးအထိ မဟာပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္
ပိုင္နက္အျဖစ္ တည္ရွိခဲ႔ေၾကာင္း စူးစမ္းရန္
လိုအပ္လာေလသည္။
ထိုစဥ္ကာလ အေရွ႕ေတာင္အာရွေဒသတြင္သာ
မက ကမ႓ာအရပ္ရပ္၌ ေက်ာ္ၾကားထင္ရွားသည္မွာ
အေနာ္ရထာလာလက္ထက္မွစ၍(ၾကြမ္း=Cham)
တို့ကို ေအာင္ႏိုင္ခဲ႔ေသာ မဟာပုဂံအင္ပါယာသာ
ျဖစ္ေပသည္။ အင္အားႀကီးေသာ ၾကြမ္းတို့ က်ဆံုး
ျပီးေနာက္ ေဒသတစ္ခုလံုး အေနာ္ရထာ၏ ပုဂံ
အင္ပါယာပိုင္နက္မ်ားျဖစ္သြားၾကသည္ျဖစ္ရာ
(အေနာ္ရထာ၏ ပိုင္နက္အေၾကာင္းေရးပါဦးမည္)
ထို အေရွ႕အရပ္က ေဒသခံ မင္းမ်ားသည္ ပုဂံ
လက္ေအာက္ခံျဖစ္သြားၾက၏။ သို့ေသာ္ အေနာ္
ရထာမွ နရပတိစည္သူအထိ ႏွစ္ေပါင္း ၁၈၀
ဝန္းက်င္ကာလအတြင္း အေျခအေန အေၾကာင္း
အမ်ိဳးမ်ိဳးေၾကာင့္ နယ္ေျမအခ်ိဳ႕ လက္လႊတ္လိုက္
ရသည္မ်ားလည္း ရွိမည္ျဖစ္ေပသည္။
နရပတိစည္သူလက္ထက္၌ အေရွ႕ဘက္ ေခတ္ျပိဳင္
မင္းမွာ အန္ကာမင္းအျဖစ္ ႀတိဘုဝနာဒိတ်မင္း
အုပ္စိုးေနေၾကာင္းေတြ႔ရွိရ၏။ ခမာေဒသ မင္းမ်ား
ထဲ၌ ၎မင္းတစ္ပါးထဲသာလ်ွင္ ျမန္မာတို့ဘြဲ႕ခံ
သည့္ ဘြဲ႕အမည္ကို ခံယူသူျဖစ္ေၾကာင္းေတြ႔ရ
သည္။ ထိုမင္းမွာ ဗီယက္နမ္ေတာင္ပိုင္း ၾကြမ္း
လည္းမဟုတ္၊ ေျမာက္ပိုင္း ဒိုင္ဗိယက္လည္း
မဟုတ္၊ ကေမ႓ာဒီယား ခမာလည္းမဟုတ္၊
တိုင္ရွမ္းလည္းမဟုတ္ မူဘဲ မန္ဒရင္းတရုတ္လူမ်ိဳး
ျဖစ္သည္ဆို၏။ ၎မင္း အန္ကာ၌ ဘုရင္လုပ္
ေနခ်ိန္တြင္ ဗီယက္နမ္ေတာင္ပိုင္း၌လည္း
ၾကြမ္းတို့က အင္အားစုစည္းေနၾကျပီး ၎
ျမန္မာဘုရင္ဘြဲ႕ခံမင္းအား ၾကြမ္းတို့က ဝင္ေရာက္
တိုက္ခိုက္ၾကေလသည္။ ထိုအခ်က္ကို ၾကည့္ျခင္း
အားျဖင့္ ထိုကာ၌ ခမာအင္ပါယာဟု ျဖစ္တည္
မလာေသးဘဲ သူတလူ ငါတစ္မင္း တိုင္းျပည္ျပဳ၍
စစ္ခင္းေနၾကသည္ျဖစ္ေၾကာင္း ထင္ရွားေပသည္။
AD 1166 ၌ နန္းတက္သည့္ ၎ႀတိဘုဝနာဒိတ်
ဝရမန္သည္ နန္းသက္ ၁၁ ႏွစ္အၾကာ AD 1177
၌ ၾကြမ္းဘုရင္ ဇယအိျႏၵဝရမန္ ၃/၄ ၏ က်ဴးေက်ာ္
တိုက္ခိုက္ျခင္းကို ခံခဲ႔ရ၏။ ၄ ႏွစ္ၾကာ တိုက္ခိုက္
ျပီးေနာက္ ၎ မင္းအသတ္ခံရျပီး အန္ကာကို
ၾကြမ္းတို့ ထီးနန္းစိုက္ထူေလေတာ့သည္။
AD 1181 တြင္ ဇယဝရမန္ ၇ သည္ အန္ကာ
ဘုရင္ျဖစ္လာျပီး အနီးအနားနယ္ပယ္ေဒသမ်ား
ကိုတိုက္ခိုက္သိမ္းယူခဲ႔ျပီး အင္အားစည္းခဲ႔သည္။
ထိုကာလ မလႅာယုလက္ေအာက္ခံနယ္ေျမ
ျဖစ္သည့္ ကေမ႓ာဒီးယားနယ္ေျမအတြင္းက
Battambang ကို တိုက္ခိုက္သိမ္းပိုက္ျပီးေနာက္
ေနာက္ပိုင္းတြင္ မဲေခါင္ျမစ္ဝွမ္းေဒသကို ထိန္း
ခ်ဳပ္လာႏိုင္ခဲ႔၏။ ၎ အေထာက္အထားမ်ားအရ
အေရွ႕ေတာင္အာရွေဒသအတြင္း အင္အားႀကီး
မဟာပုဂံအင္ပါယာကို နရပတိစည္သူလက္ထက္
အထိ ယွဥ္ျပိဳင္ႏိုင္သည့္ အင္ပါယာအျဖစ္ တည္ရွိ
မေနေသးဘဲ အန္ကာသားႏွင့္ ၾကြမ္းတို့ စစ္ပြဲမ်ား
ဆက္တိုက္ျဖစ္ပြားေနခ်ိန္ ျဖစ္ေပသည္။
AD 1181 ေနာက္ပိုင္း ဇယဝရမန္ ၇ လက္ထက္မွ
သာလ်ွင္ တျဖည္းျဖည္း အင္အားျပန္လည္
ေကာင္းလာျပီး ခမာအင္ပါယာအျဖစ္စတင္
ထူေထာင္သိမ္းသြင္းေနရသည္ျဖစ္သည္။
AD 1181 ၌ ဇယဝရမန္နန္းတက္ျပီး Battambang
ကို မလႅာယုလက္ေအာက္မွ တိုက္ခိုက္ရယူ
သိမ္းပိုက္သည္ကို ေထာက္ထားလ်ွင္ နရပတိ
စည္သူလက္ထက္ ဓမၼရာဇိကဘုရားတည္ခ်ိန္
AD 1169 ကာလ မလႅာယုသည္ ပုဂံအင္ပါယာ
လက္ေအာက္၌ ရွိသည္ျဖစ္ရာ မလႅာယုလက္
ေအာက္ခံ Battambang ေဒသသည္လည္း
ပုဂံပိုင္နက္ျဖစ္သည္ဟု ယူမွတ္ရန္ ရွိေလသည္။
AD 1177 ၌ ႀတိဘုဝနာဒိတ်ဝရမန္အား ၾကြမ္းတို့
ဝင္တိုက္စဥ္ မည္သည့္အကူအညီမ်ွမရဘဲ
စစ္ရံႈးသြားရျခင္းကို ေထာက္ဆပါက အန္ကာေဒသ
မွာ နရပတိစည္သူလက္ထက္ ပုဂံအင္ပါယာ
လက္ေအာက္ခံေဒသ မျဖစ္ႏိုင္ေတာ့ဟု ယူဆ
ေပသည္။ ဆူခိုထိုင္းမွာ AD 1238 တြင္မွ ခမာတို့
လက္ေအာက္အတြင္း စတင္တည္ေထာင္စျပဳ
သည္ျဖစ္ရာ နရပတိစည္သူလက္ထက္ ယိုးဒယား
တို့ကား ေျပာေလာက္စရာ မရွိေပ။
ခမာတို့သည္လည္း AD 1181 ေနာက္ပိုင္းမွသာ
အင္ပါယာ အစျပဳရသည္ျဖစ္ရာ AD 1169 ႏွင့္
AD 1181 ၾကားကာလ အန္ကာေဒသ အေနာက္
ဖက္ျခမ္း မလႅာယုနယ္ေျမ Battambang အထိသည္ နရပတိစည္သူလက္ထက္ မဟာပုဂံ
အင္ပါယာ ပိုင္နက္ျဖစ္သည္ဟု မွတ္ယူႏိုင္
သည္ျဖစ္၏။
ponagar ႏွင့္ Phanrang ေက်ာက္စာမ်ားအရ
ထားဝယ္ဘက္မွလာသည့္ ပုဂံတပ္မ်ားကို
အန္ကာမင္းခုခံတိုက္ခိုက္ေအာင္ျမင္ႏိုင္ခဲ႔သည္
ဟုဆိုရာ ထိုကာလသည္ ပုဂံမင္းဆက္၏ ၅၁ ဆက္
ေျမာက္မင္း က်စြာမင္းလက္ထက္ခန့္ျဖစ္ရာ
(၎ေက်ာက္စာမ်ား ေရွ႕တြင္ ေရးသားျပီး)
ပုဂံအင္ပါယာ ျပိဳကြဲခါနီးကာလ ေရာက္ေနျပီ
ျဖစ္သည္။ နရပတိစည္သူမင္းႀကီးသည္ ပုဂံမင္း
ဆက္ ၄၉ ဆက္ေျမာက္ မင္းဆက္ျဖစ္သည့္
အလ်ာက္ ပုဂံက်ဆံုးခန္းေရာက္ရန္ ၄ ဆက္သာ
က်န္ရွိေတာ့ေသာကာလ ျဖစ္သလို အေနာ္ရထာ
လက္ထက္ ၾကြမ္းေဒသ(ဗီယက္နမ္ေတာင္ပိုင္း)
အထိ ပိုင္စိုးခဲ႔သည့္ နယ္နိမိတ္မွာ ၾကြမ္းႏွင့္ အန္ကာ
သားတို့၏ ပုန္ကန္မႈေၾကာင့္ နယ္ေျမေဒသမွာ
မလႅာယုနယ္ေျမ Battambang အထိ ယုတ္ေလ်ာ့
ေရာက္ရွိလာျပီဟု ဆိုရမည္ျဖစ္သည္။
အထက္ပါ ေခတ္ျပိဳင္ အေထာက္အထားမ်ားကို
ကိုးကားေထာက္ထားရသည္ျဖစ္လ်ွင္ နရပတိ
စည္သူ မင္းႀကီးလက္ထက္ မဟာပုဂံပိုင္နက္
ျမန္မာႏိုင္ငံေတာ္နယ္ေျမမွာ ေက်ာက္စာက
ဆိုသည့္ "သံလြင္ျမစ္ အေရွ႕ဘက္အတိုင္း" သည္
သံလြင္ျမစ္မွသည္ မလႅာယုနယ္ေျမ Battambang  အထိဟု ယူဆႏိုင္ေပသည္။
သံလြင္ျမစ္၏ အေရွ႕ဘက္အတိုင္းဟူ၍ နယ္ေျမ
ေဒသအမည္မပါရွိသည္မွာ ၎ ကာလ
စစ္ပြဲမ်ားျဖစ္ေနသည္ေၾကာင့္လည္း ျဖစ္ႏိုင္၏။
ဆိုခဲ႔သည့္အတိုင္းဟူပါမူ AD 1181 မတိုင္မီကာလ
အန္ကာႏွင့္ ၾကြမ္းေဒသတို့သည္လည္း စစ္ခင္း
ေနၾကဆဲျဖစ္ျပီး သူတလူ ငါတစ္မင္းျဖစ္ေနၾကခ်ိန္
မည္သူမ်ွပုဂံအင္ပါယာကို ဘက္ျပိဳင္ဝံ႔ေလာက္
ေအာင္ အင္အား မေတာင့္တင္းေသးသည္ျဖစ္ရာ
ႀတိဘုဝနာဒိတ်ဝရန္၏ အန္ကာေဒသ အေနာက္
ဘက္ သံလြင္ျမစ္ အေရွ႕ဘက္ေဒသမ်ားသည္
AD 1169 နရပတိစည္သူကာလ အင္အား
ႀကီးထြားဆဲျဖစ္ေသာ မဟာပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ပိုင္နက္အတြင္း၌ ရိွေနမည္
ျဖစ္သည္မွာ အမွန္ပင္ျဖစ္သည္ဟု ယံုၾကည္
မိေပသည္။ (ယုခုထက္ တိက်ျပည့္စံုေသာ သုေတသနရလဒ္မ်ား ရွိပါက ျဖည့္စြက္ ျပင္ဆင္
ေပးပါရန္)
ႏိုင္ငံက်ယ္ျခင္းအထုကား ႀကီးမားေပစြ။
…………………………………………………………။
ပံုစာ -
၁/ ဓမၼရာဇိကဘုရား ေက်ာက္စာဖတ္ခ်က္။
(ဦးျငိမ္းေမာင္)
၂/ သံလြင္ျမစ္ အေရွ႕ဘက္အတိုင္း။
၃/ မလႅာယုနယ္ေျမ Battambangႏွင့္
AD 1166-1177 ႀတိဘုဝနဒိတ်ဝရမန္၏
အန္ကာ။

…………………………………………………………

အပိုင်း (၄)

"ကျောက်စာကို ပစ်ပယ်၍
တိုင်းခြားသူတို့အလိုမူ လိုက်ရမည်လော"
(ဓမ္မရာဇက ဘုရား ကျောက်စာ လေ့လာချက်)
[သံလွင်မြစ် အရှေ့ဘက်အတိုင်း]
……………………………………………………………။
မြန်မာရာဇဝင်မှတ်တမ်းများ၏ ဖော်ပြချက်အရ
နရပတိစည်သူမင်းကြီး၏ ကောင်းမှုတော်
ဓမ္မရာဇိက ဘုရား၏ကျောက်စာ၌ အရိမဒ္ဒနပူရ
ပုကံ(ပုဂံ)ပိုင်နက်နယ်ပယ်နှင့် ပတ်သတ်၍
ရေးထိုးမှတ်တမ်းတင်ထားခဲ့သည်ဖြစ်ရာ
နရပတိစည်သူမင်းကြီးလက်ထက် မဟာပုဂံ
မြန်မာနိုင်ငံတော်ဧရိယာသည် တောင်ဘက်နယ်
နိမိတ်အဖြစ် အင်ဒိုနီးရှား(လန္ဒက/Landaka)
တိုင်အောင်၊ မြောက်ဘက်နယ်နိမိတ်အဖြစ်
ယူနနန်ပြည်နယ်အတွင်း၊ အနောက်ဘက်
နယ်နိမိတ်အဖြစ် ယခုအခါ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်
ပိုင်နက်များဖြစ်ကြသော ဂင်္ဂါမြစ်ဝှမ်းဒေသ၏
အရှေ့ဘက်နယ်မြေများ အထိ မြန်မာနိုင်ငံတော်
ကြီးမားကျယ်ပြန့်ခဲ့ကြောင်း သိရှိရပြီးဖြစ်သည်။
ကျောက်စာ၌-
အရှေ့ဘက်နယ်နိမိတ်အဖြစ်-
"အရှေ့သို့လားသော် နိုင်ငံကား သံလွင်မြစ် အရှေ့
ဘက်အတိုင်း" ဟု ရေးထိုးထားပြီး သံလွင်မြစ်၏
အရှေ့ဘက် မည့်သည့်အရပ်ဒေသအထိ ပိုင်နက်
နယ်ပယ်ရှိခဲ့ကြောင်း ရှေ့က ဖော်ပြခဲ့သော
တောင် မြောက် အနောက် အရပ်ဒေသများကဲ့သို့
မပါရှိပါပေ။
"သံလွင်မြစ် အရှေ့ဘက်အတိုင်း" ဟု ဖော်ပြ
ထားသည်ကို "သံလွင်မြစ်အထိသာ" ဟု
မှတ်ယူရန် မဖြစ်ပါချေ။ "အရှေ့ဘက်အတိုင်းဟု
ဆိုသဖြင့် သံလွင်မြစ်၏ အရှေ့ဘက် မည်မျှ
ဝေးဝေးအထိ မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်
ပိုင်နက်အဖြစ် တည်ရှိခဲ့ကြောင်း စူးစမ်းရန်
လိုအပ်လာလေသည်။
ထိုစဉ်ကာလ အရှေ့တောင်အာရှဒေသတွင်သာ
မက ကမ္ဘာအရပ်ရပ်၌ ကျော်ကြားထင်ရှားသည်မှာ
အနော်ရထာလာလက်ထက်မှစ၍(ကြွမ်း=Cham)
တို့ကို အောင်နိုင်ခဲ့သော မဟာပုဂံအင်ပါယာသာ
ဖြစ်ပေသည်။ အင်အားကြီးသော ကြွမ်းတို့ ကျဆုံး
ပြီးနောက် ဒေသတစ်ခုလုံး အနော်ရထာ၏ ပုဂံ
အင်ပါယာပိုင်နက်များဖြစ်သွားကြသည်ဖြစ်ရာ
(အနော်ရထာ၏ ပိုင်နက်အကြောင်းရေးပါဦးမည်)
ထို အရှေ့အရပ်က ဒေသခံ မင်းများသည် ပုဂံ
လက်အောက်ခံဖြစ်သွားကြ၏။ သို့သော် အနော်
ရထာမှ နရပတိစည်သူအထိ နှစ်ပေါင်း ၁၈၀
ဝန်းကျင်ကာလအတွင်း အခြေအနေ အကြောင်း
အမျိုးမျိုးကြောင့် နယ်မြေအချို့ လက်လွှတ်လိုက်
ရသည်များလည်း ရှိမည်ဖြစ်ပေသည်။
နရပတိစည်သူလက်ထက်၌ အရှေ့ဘက် ခေတ်ပြိုင်
မင်းမှာ အန်ကာမင်းအဖြစ် တြိဘုဝနာဒိတျမင်း
အုပ်စိုးနေကြောင်းတွေ့ရှိရ၏။ ခမာဒေသ မင်းများ
ထဲ၌ ၎င်းမင်းတစ်ပါးထဲသာလျှင် မြန်မာတို့ဘွဲ့ခံ
သည့် ဘွဲ့အမည်ကို ခံယူသူဖြစ်ကြောင်းတွေ့ရ
သည်။ ထိုမင်းမှာ ဗီယက်နမ်တောင်ပိုင်း ကြွမ်း
လည်းမဟုတ်၊ မြောက်ပိုင်း ဒိုင်ဗိယက်လည်း
မဟုတ်၊ ကမ္ဘောဒီယား ခမာလည်းမဟုတ်၊
တိုင်ရှမ်းလည်းမဟုတ် မူဘဲ မန်ဒရင်းတရုတ်လူမျိုး
ဖြစ်သည်ဆို၏။ ၎င်းမင်း အန်ကာ၌ ဘုရင်လုပ်
နေချိန်တွင် ဗီယက်နမ်တောင်ပိုင်း၌လည်း
ကြွမ်းတို့က အင်အားစုစည်းနေကြပြီး ၎င်း
မြန်မာဘုရင်ဘွဲ့ခံမင်းအား ကြွမ်းတို့က ဝင်ရောက်
တိုက်ခိုက်ကြလေသည်။ ထိုအချက်ကို ကြည့်ခြင်း
အားဖြင့် ထိုကာ၌ ခမာအင်ပါယာဟု ဖြစ်တည်
မလာသေးဘဲ သူတလူ ငါတစ်မင်း တိုင်းပြည်ပြု၍
စစ်ခင်းနေကြသည်ဖြစ်ကြောင်း ထင်ရှားပေသည်။
AD 1166 ၌ နန်းတက်သည့် ၎င်းတြိဘုဝနာဒိတျ
ဝရမန်သည် နန်းသက် ၁၁ နှစ်အကြာ AD 1177
၌ ကြွမ်းဘုရင် ဇယအိန္ဒြဝရမန် ၃/၄ ၏ ကျူးကျော်
တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ၄ နှစ်ကြာ တိုက်ခိုက်
ပြီးနောက် ၎င်း မင်းအသတ်ခံရပြီး အန်ကာကို
ကြွမ်းတို့ ထီးနန်းစိုက်ထူလေတော့သည်။
AD 1181 တွင် ဇယဝရမန် ၇ သည် အန်ကာ
ဘုရင်ဖြစ်လာပြီး အနီးအနားနယ်ပယ်ဒေသများ
ကိုတိုက်ခိုက်သိမ်းယူခဲ့ပြီး အင်အားစည်းခဲ့သည်။
ထိုကာလ မလ္လာယုလက်အောက်ခံနယ်မြေ
ဖြစ်သည့် ကမ္ဘောဒီးယားနယ်မြေအတွင်းက
Battambang ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်
နောက်ပိုင်းတွင် မဲခေါင်မြစ်ဝှမ်းဒေသကို ထိန်း
ချုပ်လာနိုင်ခဲ့၏။ ၎င်း အထောက်အထားများအရ
အရှေ့တောင်အာရှဒေသအတွင်း အင်အားကြီး
မဟာပုဂံအင်ပါယာကို နရပတိစည်သူလက်ထက်
အထိ ယှဉ်ပြိုင်နိုင်သည့် အင်ပါယာအဖြစ် တည်ရှိ
မနေသေးဘဲ အန်ကာသားနှင့် ကြွမ်းတို့ စစ်ပွဲများ
ဆက်တိုက်ဖြစ်ပွားနေချိန် ဖြစ်ပေသည်။
AD 1181 နောက်ပိုင်း ဇယဝရမန် ၇ လက်ထက်မှ
သာလျှင် တဖြည်းဖြည်း အင်အားပြန်လည်
ကောင်းလာပြီး ခမာအင်ပါယာအဖြစ်စတင်
ထူထောင်သိမ်းသွင်းနေရသည်ဖြစ်သည်။
AD 1181 ၌ ဇယဝရမန်နန်းတက်ပြီး Battambang
ကို မလ္လာယုလက်အောက်မှ တိုက်ခိုက်ရယူ
သိမ်းပိုက်သည်ကို ထောက်ထားလျှင် နရပတိ
စည်သူလက်ထက် ဓမ္မရာဇိကဘုရားတည်ချိန်
AD 1169 ကာလ မလ္လာယုသည် ပုဂံအင်ပါယာ
လက်အောက်၌ ရှိသည်ဖြစ်ရာ မလ္လာယုလက်
အောက်ခံ Battambang ဒေသသည်လည်း
ပုဂံပိုင်နက်ဖြစ်သည်ဟု ယူမှတ်ရန် ရှိလေသည်။
AD 1177 ၌ တြိဘုဝနာဒိတျဝရမန်အား ကြွမ်းတို့
ဝင်တိုက်စဉ် မည်သည့်အကူအညီမျှမရဘဲ
စစ်ရှုံးသွားရခြင်းကို ထောက်ဆပါက အန်ကာဒေသ
မှာ နရပတိစည်သူလက်ထက် ပုဂံအင်ပါယာ
လက်အောက်ခံဒေသ မဖြစ်နိုင်တော့ဟု ယူဆ
ပေသည်။ ဆူခိုထိုင်းမှာ AD 1238 တွင်မှ ခမာတို့
လက်အောက်အတွင်း စတင်တည်ထောင်စပြု
သည်ဖြစ်ရာ နရပတိစည်သူလက်ထက် ယိုးဒယား
တို့ကား ပြောလောက်စရာ မရှိပေ။
ခမာတို့သည်လည်း AD 1181 နောက်ပိုင်းမှသာ
အင်ပါယာ အစပြုရသည်ဖြစ်ရာ AD 1169 နှင့်
AD 1181 ကြားကာလ အန်ကာဒေသ အနောက်
ဖက်ခြမ်း မလ္လာယုနယ်မြေ Battambang အထိသည် နရပတိစည်သူလက်ထက် မဟာပုဂံ
အင်ပါယာ ပိုင်နက်ဖြစ်သည်ဟု မှတ်ယူနိုင်
သည်ဖြစ်၏။
ponagar နှင့် Phanrang ကျောက်စာများအရ
ထားဝယ်ဘက်မှလာသည့် ပုဂံတပ်များကို
အန်ကာမင်းခုခံတိုက်ခိုက်အောင်မြင်နိုင်ခဲ့သည်
ဟုဆိုရာ ထိုကာလသည် ပုဂံမင်းဆက်၏ ၅၁ ဆက်
မြောက်မင်း ကျစွာမင်းလက်ထက်ခန့်ဖြစ်ရာ
(၎င်းကျောက်စာများ ရှေ့တွင် ရေးသားပြီး)
ပုဂံအင်ပါယာ ပြိုကွဲခါနီးကာလ ရောက်နေပြီ
ဖြစ်သည်။ နရပတိစည်သူမင်းကြီးသည် ပုဂံမင်း
ဆက် ၄၉ ဆက်မြောက် မင်းဆက်ဖြစ်သည့်
အလျာက် ပုဂံကျဆုံးခန်းရောက်ရန် ၄ ဆက်သာ
ကျန်ရှိတော့သောကာလ ဖြစ်သလို အနော်ရထာ
လက်ထက် ကြွမ်းဒေသ(ဗီယက်နမ်တောင်ပိုင်း)
အထိ ပိုင်စိုးခဲ့သည့် နယ်နိမိတ်မှာ ကြွမ်းနှင့် အန်ကာ
သားတို့၏ ပုန်ကန်မှုကြောင့် နယ်မြေဒေသမှာ
မလ္လာယုနယ်မြေ Battambang အထိ ယုတ်လျော့
ရောက်ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။
အထက်ပါ ခေတ်ပြိုင် အထောက်အထားများကို
ကိုးကားထောက်ထားရသည်ဖြစ်လျှင် နရပတိ
စည်သူ မင်းကြီးလက်ထက် မဟာပုဂံပိုင်နက်
မြန်မာနိုင်ငံတော်နယ်မြေမှာ ကျောက်စာက
ဆိုသည့် "သံလွင်မြစ် အရှေ့ဘက်အတိုင်း" သည်
သံလွင်မြစ်မှသည် မလ္လာယုနယ်မြေ Battambang  အထိဟု ယူဆနိုင်ပေသည်။
သံလွင်မြစ်၏ အရှေ့ဘက်အတိုင်းဟူ၍ နယ်မြေ
ဒေသအမည်မပါရှိသည်မှာ ၎င်း ကာလ
စစ်ပွဲများဖြစ်နေသည်ကြောင့်လည်း ဖြစ်နိုင်၏။
ဆိုခဲ့သည့်အတိုင်းဟူပါမူ AD 1181 မတိုင်မီကာလ
အန်ကာနှင့် ကြွမ်းဒေသတို့သည်လည်း စစ်ခင်း
နေကြဆဲဖြစ်ပြီး သူတလူ ငါတစ်မင်းဖြစ်နေကြချိန်
မည်သူမျှပုဂံအင်ပါယာကို ဘက်ပြိုင်ဝံ့လောက်
အောင် အင်အား မတောင့်တင်းသေးသည်ဖြစ်ရာ
တြိဘုဝနာဒိတျဝရန်၏ အန်ကာဒေသ အနောက်
ဘက် သံလွင်မြစ် အရှေ့ဘက်ဒေသများသည်
AD 1169 နရပတိစည်သူကာလ အင်အား
ကြီးထွားဆဲဖြစ်သော မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်ပိုင်နက်အတွင်း၌ ရှိနေမည်
ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်
မိပေသည်။ (ယုခုထက် တိကျပြည့်စုံသော သုတေသနရလဒ်များ ရှိပါက ဖြည့်စွက် ပြင်ဆင်
ပေးပါရန်)
နိုင်ငံကျယ်ခြင်းအထုကား ကြီးမားပေစွ။
…………………………………………………………။
ပုံစာ -
၁/ ဓမ္မရာဇိကဘုရား ကျောက်စာဖတ်ချက်။
(ဦးငြိမ်းမောင်)
၂/ သံလွင်မြစ် အရှေ့ဘက်အတိုင်း။
၃/ မလ္လာယုနယ်မြေ Battambangနှင့်
AD 1166-1177 တြိဘုဝနဒိတျဝရမန်၏
အန်ကာ။

No comments:

Post a Comment