Wednesday, September 25, 2019

အပိုင္း (၅)

"ေက်ာက္စာကို ပစ္ပယ္၍
တိုင္းျခားသူတို့အလိုမူ လိုက္ရမည္ေလာ"
(ဓမၼရာဇက ဘုရား ေက်ာက္စာ ေလ့လာခ်က္)
[ေကာင္းမႈရွင္သည္ နရပတိစည္သူသာလ်ွင္လား]
…………………………………………………………။
 

ဓမၼရာဇိကဘုရား ေက်ာက္စာေလ့လာလာခ်က္
အရ နရပတိစည္သူမင္းႀကီးလက္ထက္
မဟာပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္၏ ပိုင္နက္
ေနေျမအက်ယ္အဝန္းကို သိရွိျပီးျဖစ္သလို
မ်က္စိအတြင္း ကြက္ကြင္းစြာ ျမင္ေယာင္ျပီး
ျဖစ္သည္ဟု ယံုၾကည္မိေပသည္။
ရာဇဝင္မွတ္တမ္းအရ နရပတိစည္သူမင္းႀကီး၌
ရာဇဝင္ထင္ရွားသည့္ သားေတာ္ ၅ ပါး(မိခင္ မတူ)
ရွိေပသည္။
ေဇယ်သူရ၊ ရာဇသူရ၊ ပ်ံခ်ီ၊ ကကၤသူ၊ ေဇယ်သိခၤ
ဟူ၍ သားေတာ္ ၅ပါးရွိသည္အနက္ ေဇယ်သိခၤကို
ထီးနန္းအေမြေပးခဲ႔၏။ နားေတာင္းမ်ားမင္းဟု
တြင္သည့္ ထီးလိုမင္းလိုဘုရား ဒါယိကာျဖစ္သည္။
အစဥ္အဆက္ သမိုင္းဆရာတို့က ဓမၼရာဇိကဘုရား
ဒါယိကာသည္ နရပတိစည္သူမင္းႀကီးျဖစ္ေၾကာင္း
ေရးသားခဲ႔သလို ရာဇဝင္မွတ္တမ္းမ်ားထဲ၌လည္း
ထိုကဲ႔သို့ပင္ ေရးထိုးေဖာ္ျပထားေပသည္။
သို့ေသာ္ ဓမၼရာဇိကဘုရားေက်ာက္စာအရ ဘုရား၏ ကနဦးေကာင္းမႈရွင္သည္ နရပတိစည္သူ
မင္းႀကီး၏ သားေတာ္ ၅ ပါးအတြင္းမွ
"ေဇယ်သူရ" အမည္ရသည့္ သားေတာ္ျဖစ္ေပသည္။
ေက်ာက္စာ၏ ေၾကာင္းေရ ၁၃/၁၄ ၌ -
"သီရိႀတိဘုဝနာဒိတ်ာပဝရ ပ႑ိတ ဓမၼရာဇာ
နရပတိ ဘုရားရွင္၏ သား။ ေဇယ်သူရမည္ေသာ
မင္းႀကီးသည္" ဟု ေရးထိုးပါရွိေပသည္။
ထို ေရးထိုးပါရွိခ်က္အရ "နရပတိစည္သူ၏သား
ေဇယ်သူရ" ဟု ဆိုလိုေၾကာင္း ထင္ရွား၏။
ဤေနရာ၌ ေဇယ်သူရ"မင္းႀကီး"ဟု ဆိုလိုသည္မွာ
ဘုရင့္သား၏ အပိုင္စားရာနယ္ေျမကို မင္း မူရ၍
ေခၚသည္ကဲ႔သို့ဟု မွတ္ယူရမည္သာ ျဖစ္သည္။
မင္းသားႀကီးျဖစ္ျခင္းေၾကာင့္လည္း မင္းႀကီး
ျဖစ္ႏိုင္ေပေသးသည္။ (ကေနာင္မင္း/ကေနာင္
မင္းသားႀကီးစသျဖင့္၊ ထို့ျပင္ ဘုရင္ကလည္း
အပိုင္စားရသည့္ မွဴးမတ္ဝန္ႀကီးမ်ားအား
မင္းႀကီးမ်ားဟု ေခၚသကဲ႔သို့ပင္)
နရပတိစည္သူ၏ အမည္မွာ ေဇယ်သူရမဟုတ္ေပ။
မည္သည့္ရာဇဝင္မ်ွလည္း နရပတိစည္သူအား
ေဇယ်သူရဟု မေဖာ္ျပေပ။ ေဇယ်သူရမွာ
နရပတိစည္သူမင္းႀကီး၏ မိဖုရား ေဝဠဳဝတီက
ဖြားျမင္သူျဖစ္ျပီး တလုပ္ျမိဳ႕ႏွင့္ အျမင့္ျမိဳ႕ကို
စားရသည့္ မင္းသားႀကီးျဖစ္သည္။
ေက်ာက္စာ၌ "သီရိႀတိဘုဝနာဒိတ်ာပဝရ ပ႑ိတ ဓမၼရာဇာနရပတိ ဘုရားရွင္၏ "သား" ဟု ဆိုသည္
ျဖစ္ရာ ေဝဠဳဝတီမိဖုရားက ျမင္သည့္ သားေတာ္
ေဇယ်သူရ သာလ်ွင္ျဖစ္ေၾကာင္း အထင္အရွား
ျဖစ္ေပသည္။ ထိုသည္ကို "ေဇယ်သူရသည္လည္း
နရပတိစည္သူျဖစ္သည္" ဟု ယူသည္မွာ မွားယြင္း
သည္သာ ျဖစ္၏။ ( ဒီ.အာရ္ သန္းထြန္း)
ေက်ာက္စာအရ ၎ နရပတိစည္သူ၏သား
ေဇယ်သူရသည္ ေစတီတည္ရန္အလို့ငွာ
ေကာင္းျမတ္ေသာ ေျမေနရာကိုရွာေဖြရာ
"ထန္းလံုးေလာက္အတိုင္းအရွည္ရွိေသာ ေဖြးေဖြး
ငါးေျမွာင့္ ငါးမ်က္ႏွာရွိေသာကို" ျမင္ေတာ္မူ၏။
ထို "ထန္းလံုးေလာက္အတိုင္းအရွည္ရွိေသာ ေဖြးေဖြး ငါးေျမွာင့္ ငါးမ်က္ႏွာရွိေသာ" အရာသည္
မည္သည့္အရာ ျဖစ္ပါသနည္း။
ေက်ာက္စာ ေၾကာင္းေရ ၁၉ ၌-
"အဲဒီ အခိုးေရာက္ရာ၌ သံစို့ႏွက္၍ ဘုရားတည္ရန္
ေျမေနရာ မွတ္ေစသည္"ဟု ေဖာ္ျပပါရွိရာ
(ေက်ာက္စာ၌ "အယ္"၏ ေအာက္၌ "င"အေသး ပါ႒္ဆင့္ ကဲ႕သို့ ဆင့္ခံထားသည္။ ထိုသည္မွာ
သကၠတအေရးျဖစ္ျပီး ေအာက္က ဆင့္ခံထားသည့္
"င" သ႑ာန္ သေကၤတကို "ရီ" ဟု အသံထြက္ရ
သည္။ "အယ္" ေအာက္၌ "ရီ" ခံထားရာ ထိုအေရး
အသားကို "အဲရီ/အဲဒီ" ဟု နားလည္ရမည္ျဖစ္၏)
ထိုဓမၼရာဇိက ဘုရားတည္ရန္ေျမေနရာမွ
ထန္းလံုးေလာက္အတိုင္းအရွည္ရွိေသာ ေဖြးေဖြး ငါးေျမွာင့္ ငါးမ်က္ႏွာရွိေသာ အခိုးထြက္သည္ဟု
ဆိုေပသည္။ ထိုသို့ ထြက္သည္ကို ဘုရားတည္ရန္
ေကာင္းျမတ္ေသာ ေျမေနရာလိုက္ရွာေနသည့္
နရပတိစည္သူ၏သားေတာ္ ေဇယ်သူရသည္
ဘုရားတည္ရန္ နိမိတ္ဟု ေအာက္ေမ့၏။
ထိုသို့ ေျမျပင္မွ ေဖြးေဖြး "ငါးေျမွာင့္ ငါးမ်က္ႏွာ"
ရွိေသာ အခိုးထြက္သည္ေၾကာင့္ ဓမၼရာဇက/ဓမၼရာဇိက ဘြဲ႕ေတာ္ရမည့္ ေစတီကို ငါးမ်က္ႏွာ
ေစတီတည္ခဲ႔ျခင္းျဖစ္ေလသည္။
ထိုအရပ္သည္ သစ္မတီး အရပ္ျဖစ္ျပီး ၎အရပ္၌
ေနေသာ မေထရ္မ်ားအား ပုထိုးေတာ္တည္ရန္
ခြင့္ေတာင္းေသာ္ အခြင့္ရ၏။ (အာဏာျဖင့္ စိတ္ ထင္တိုင္း ေျမသိမ္း၍ ဘုရားတည္သည္ မဟုတ္ေပ)
ထိုသို့ နိမိတ္ျမင္၍ မဟာေထရ္တို့ကို ဘုရားတည္
ရန္ ေျမေနရာအခြင့္ေတာင္းပန္ေသာေန့သည္
ေက်ာက္စာ၏ အဦးပိုင္း၌ ပါရွိသည့္
"သကၠရာဇ္ ၅၅၈၊ အာသတ္ႏွစ္၊ သႏၲဴလဆန္း
(သီတင္းက်ြတ္လဆန္း) ၁၄ ရက္၊ တနဂၤေႏြေန့" ျဖစ္၏။ လြန္စြာမွ အတိအက် မွတ္တမ္းတင္ခဲ႔ေသာ
ပုဂံအင္ပါယာ ျမန္မာႏိုင္ငံေတာ္ အရွင္သခင္မ်ားပင္။
"ထန္းလံုးေလာက္အတိုင္းအရွည္ရွိေသာ ေဖြးေဖြး
ငါးေျမွာင့္ ငါးမ်က္ႏွာရွိေသာ ေျမအျပင္မွ အခိုး
ထြက္သည့္ နိမိတ္အားယူ၍ ငါးမ်က္ႏွာဘုရား
တည္ျပီးေနာက္ ကပ္ကမ႓ာထက္ ဘုရားငါးဆူကို
ရည္မွန္း၍ ေၾကးသြန္းဘုရား ၅ ဆူ ကိန္းဝပ္
စံပါယ္ေတာ္မူေစေပသည္။
(ေက်ာက္စာ ၂၊ ေၾကာင္းေရ ၂၂)
ေက်ာက္စာ ၁ ၏ ေၾကာင္းေရ ၁၄၊
ဘုရားတည္ရန္ ေဇယ်သူရ ေျမေနရာရွာသည္မွ
စ၍ နရပတိစည္သူ၏ ေျခရာလက္ရာ မပါေတာ့ေပ။
သို့ေသာ္လည္း သိန္းခိုမင္းထံတြင္ရွိေသာ သရီရ
ဓာတ္ေတာ္ အလံုး ၃၀ တြင္ ဓာတ္ေတာ္ ၄ လံုး
ေတာင္း၍ ရသည္ျဖစ္ရာ ဘုရားဌာပနာရန္အတြက္
သိန္းခိုမင္းထံ ဓာတ္ေတာ္ေတာင္းသည့္ကိစၥမွာ
ျပည္ေထာင္ခ်င္း မင္းႏွစ္ပါးခ်င္း၏ အေရးကိစၥသာ
ျဖစ္ေလရာ နရပတိစည္သူ၏ အခန္းက႑သည္
လည္း ပါဝင္မည္သာျဖစ္ေပသည္။ ဘုရားအား
လွဴဒါန္းသည့္ အလွဴဒါနမႈမ်ားမွာလည္း အလြန္
မ်ာျပားလွသည္ျဖစ္ရာ နရပတိစည္သူမင္းႀကီး၏
ေကာင္းမႈ မပါဝင္ဘဲလ်က္ မျဖစ္ႏိုင္ပါေပ။
သို့ျဖစ္ရာ ေက်ာက္စာအေထာက္အထားအရ
ဘုရားတည္ရန္ ကနဦးေျမေနရာရွာေဖြသည္မွာ
သားေတာ္ တလုတ္ႏွင့္အျမင့္စား ေဇယ်သူရ
ျဖစ္ျပီး တင့္တယ္သပၸါယ္ၾကည္ညိဳဖြယ္ရာ
လက္ရာေျမာက္ဘုရားတည္ျခင္း၊ တည္ျပီးေနာက္ ေကာင္းမႈဒါန စသည္တို့မွာ ခမည္းေတာ္ နရပတိ
စည္သူမင္းႀကီး မပါဝင္ပါက မျဖစ္ႏိုင္သည္ေၾကာင့္
ရာဇဝင္အရ နရပတိစည္သူမင္းႀကီးေကာင္းမႈဟု
မွတ္တမ္းတင္ေဖာ္ျပေသာ္လည္း၊ ေက်ာက္စာအရ
နရပတိစည္သူမင္းႀကီးႏွင့္သားေတာ္ ေဇယ်သူရ
သားအဖႏွစ္ဦး ေကာင္းမႈဟု ဆိုခ်င္မိေပသည္။
ခမည္းေတာ္ျဖစ္သူ မင္းသည္သာ ရာဇဝင္ထင္
ရွားသည့္အေလ်ာက္ နရပတိစည္သူမင္းႀကီး
ေကာင္းမႈဟု ဆိုလ်ွင္လည္း မွားသည္မဟုတ္ေပ။
ေက်ာက္စာက ေဖာ္ျပေသာ အေၾကာင္းအရာကိုသာ
ေလ့လာဆန္းစစ္ေဖာ္ျပရျခင္း ျဖစ္ေပသည္။
……………………………………………………………။
ပံုစာ-
၁/ ေျမအျပင္မွ ထန္းလံုးေလာက္ အတိုင္းအရွည္
ရွိေသာ ေဖြးေဖြးငါးေျမွာင့္ ငါးမ်က္ႏွာရွိေသာ
အခိုးထြက္သည့္ နိမိတ္ကိုယူ၍ ၅ မ်က္ႏွာျဖင့္
ဖြဲ႕စည္းတည္ေဆာက္ထားသည့္
ဓမၼရာဇက> ဓမၼရာဇိက ဘုရား။
၂၊ ၃၊ ၄/ ဓမၼရာဇိကဘုရား ေက်ာက္စာ မ်က္ႏွာဘက္ ဖတ္ခ်က္။ (ဦးျငိမ္းေမာင္)

…………………………………………………………

အပိုင်း (၅)

"ကျောက်စာကို ပစ်ပယ်၍
တိုင်းခြားသူတို့အလိုမူ လိုက်ရမည်လော"
(ဓမ္မရာဇက ဘုရား ကျောက်စာ လေ့လာချက်)
[ကောင်းမှုရှင်သည် နရပတိစည်သူသာလျှင်လား]
……………………………………………………………။
ဓမ္မရာဇိကဘုရား ကျောက်စာလေ့လာလာချက်
အရ နရပတိစည်သူမင်းကြီးလက်ထက်
မဟာပုဂံအင်ပါယာ မြန်မာနိုင်ငံတော်၏ ပိုင်နက်
နေမြေအကျယ်အဝန်းကို သိရှိပြီးဖြစ်သလို
မျက်စိအတွင်း ကွက်ကွင်းစွာ မြင်ယောင်ပြီး
ဖြစ်သည်ဟု ယုံကြည်မိပေသည်။
ရာဇဝင်မှတ်တမ်းအရ နရပတိစည်သူမင်းကြီး၌
ရာဇဝင်ထင်ရှားသည့် သားတော် ၅ ပါး(မိခင် မတူ)
ရှိပေသည်။
ဇေယျသူရ၊ ရာဇသူရ၊ ပျံချီ၊ ကင်္ကသူ၊ ဇေယျသိင်္ခ
ဟူ၍ သားတော် ၅ပါးရှိသည်အနက် ဇေယျသိင်္ခကို
ထီးနန်းအမွေပေးခဲ့၏။ နားတောင်းများမင်းဟု
တွင်သည့် ထီးလိုမင်းလိုဘုရား ဒါယိကာဖြစ်သည်။
အစဉ်အဆက် သမိုင်းဆရာတို့က ဓမ္မရာဇိကဘုရား
ဒါယိကာသည် နရပတိစည်သူမင်းကြီးဖြစ်ကြောင်း
ရေးသားခဲ့သလို ရာဇဝင်မှတ်တမ်းများထဲ၌လည်း
ထိုကဲ့သို့ပင် ရေးထိုးဖော်ပြထားပေသည်။
သို့သော် ဓမ္မရာဇိကဘုရားကျောက်စာအရ ဘုရား၏ ကနဦးကောင်းမှုရှင်သည် နရပတိစည်သူ
မင်းကြီး၏ သားတော် ၅ ပါးအတွင်းမှ
"ဇေယျသူရ" အမည်ရသည့် သားတော်ဖြစ်ပေသည်။
ကျောက်စာ၏ ကြောင်းရေ ၁၃/၁၄ ၌ -
"သီရိတြိဘုဝနာဒိတျာပဝရ ပဏ္ဍိတ ဓမ္မရာဇာ
နရပတိ ဘုရားရှင်၏ သား။ ဇေယျသူရမည်သော
မင်းကြီးသည်" ဟု ရေးထိုးပါရှိပေသည်။
ထို ရေးထိုးပါရှိချက်အရ "နရပတိစည်သူ၏သား
ဇေယျသူရ" ဟု ဆိုလိုကြောင်း ထင်ရှား၏။
ဤနေရာ၌ ဇေယျသူရ"မင်းကြီး"ဟု ဆိုလိုသည်မှာ
ဘုရင့်သား၏ အပိုင်စားရာနယ်မြေကို မင်း မူရ၍
ခေါ်သည်ကဲ့သို့ဟု မှတ်ယူရမည်သာ ဖြစ်သည်။
မင်းသားကြီးဖြစ်ခြင်းကြောင့်လည်း မင်းကြီး
ဖြစ်နိုင်ပေသေးသည်။ (ကနောင်မင်း/ကနောင်
မင်းသားကြီးစသဖြင့်၊ ထို့ပြင် ဘုရင်ကလည်း
အပိုင်စားရသည့် မှူးမတ်ဝန်ကြီးများအား
မင်းကြီးများဟု ခေါ်သကဲ့သို့ပင်)
နရပတိစည်သူ၏ အမည်မှာ ဇေယျသူရမဟုတ်ပေ။
မည်သည့်ရာဇဝင်မျှလည်း နရပတိစည်သူအား
ဇေယျသူရဟု မဖော်ပြပေ။ ဇေယျသူရမှာ
နရပတိစည်သူမင်းကြီး၏ မိဖုရား ဝေဠုဝတီက
ဖွားမြင်သူဖြစ်ပြီး တလုပ်မြို့နှင့် အမြင့်မြို့ကို
စားရသည့် မင်းသားကြီးဖြစ်သည်။
ကျောက်စာ၌ "သီရိတြိဘုဝနာဒိတျာပဝရ ပဏ္ဍိတ ဓမ္မရာဇာနရပတိ ဘုရားရှင်၏ "သား" ဟု ဆိုသည်
ဖြစ်ရာ ဝေဠုဝတီမိဖုရားက မြင်သည့် သားတော်
ဇေယျသူရ သာလျှင်ဖြစ်ကြောင်း အထင်အရှား
ဖြစ်ပေသည်။ ထိုသည်ကို "ဇေယျသူရသည်လည်း
နရပတိစည်သူဖြစ်သည်" ဟု ယူသည်မှာ မှားယွင်း
သည်သာ ဖြစ်၏။ ( ဒီ.အာရ် သန်းထွန်း)
ကျောက်စာအရ ၎င်း နရပတိစည်သူ၏သား
ဇေယျသူရသည် စေတီတည်ရန်အလို့ငှာ
ကောင်းမြတ်သော မြေနေရာကိုရှာဖွေရာ
"ထန်းလုံးလောက်အတိုင်းအရှည်ရှိသော ဖွေးဖွေး
ငါးမြှောင့် ငါးမျက်နှာရှိသောကို" မြင်တော်မူ၏။
ထို "ထန်းလုံးလောက်အတိုင်းအရှည်ရှိသော ဖွေးဖွေး ငါးမြှောင့် ငါးမျက်နှာရှိသော" အရာသည်
မည်သည့်အရာ ဖြစ်ပါသနည်း။
ကျောက်စာ ကြောင်းရေ ၁၉ ၌-
"အဲဒီ အခိုးရောက်ရာ၌ သံစို့နှက်၍ ဘုရားတည်ရန်
မြေနေရာ မှတ်စေသည်"ဟု ဖော်ပြပါရှိရာ
(ကျောက်စာ၌ "အယ်"၏ အောက်၌ "င"အသေး ပါဋ္ဌ်ဆင့် ကဲ့သို့ ဆင့်ခံထားသည်။ ထိုသည်မှာ
သက္ကတအရေးဖြစ်ပြီး အောက်က ဆင့်ခံထားသည့်
"င" သဏ္ဍာန် သငေ်္ကတကို "ရီ" ဟု အသံထွက်ရ
သည်။ "အယ်" အောက်၌ "ရီ" ခံထားရာ ထိုအရေး
အသားကို "အဲရီ/အဲဒီ" ဟု နားလည်ရမည်ဖြစ်၏)
ထိုဓမ္မရာဇိက ဘုရားတည်ရန်မြေနေရာမှ
ထန်းလုံးလောက်အတိုင်းအရှည်ရှိသော ဖွေးဖွေး ငါးမြှောင့် ငါးမျက်နှာရှိသော အခိုးထွက်သည်ဟု
ဆိုပေသည်။ ထိုသို့ ထွက်သည်ကို ဘုရားတည်ရန်
ကောင်းမြတ်သော မြေနေရာလိုက်ရှာနေသည့်
နရပတိစည်သူ၏သားတော် ဇေယျသူရသည်
ဘုရားတည်ရန် နိမိတ်ဟု အောက်မေ့၏။
ထိုသို့ မြေပြင်မှ ဖွေးဖွေး "ငါးမြှောင့် ငါးမျက်နှာ"
ရှိသော အခိုးထွက်သည်ကြောင့် ဓမ္မရာဇက/ဓမ္မရာဇိက ဘွဲ့တော်ရမည့် စေတီကို ငါးမျက်နှာ
စေတီတည်ခဲ့ခြင်းဖြစ်လေသည်။
ထိုအရပ်သည် သစ်မတီး အရပ်ဖြစ်ပြီး ၎င်းအရပ်၌
နေသော မထေရ်များအား ပုထိုးတော်တည်ရန်
ခွင့်တောင်းသော် အခွင့်ရ၏။ (အာဏာဖြင့် စိတ် ထင်တိုင်း မြေသိမ်း၍ ဘုရားတည်သည် မဟုတ်ပေ)
ထိုသို့ နိမိတ်မြင်၍ မဟာထေရ်တို့ကို ဘုရားတည်
ရန် မြေနေရာအခွင့်တောင်းပန်သောနေ့သည်
ကျောက်စာ၏ အဦးပိုင်း၌ ပါရှိသည့်
"သက္ကရာဇ် ၅၅၈၊ အာသတ်နှစ်၊ သန္တူလဆန်း
(သီတင်းကျွတ်လဆန်း) ၁၄ ရက်၊ တနင်္ဂနွေနေ့" ဖြစ်၏။ လွန်စွာမှ အတိအကျ မှတ်တမ်းတင်ခဲ့သော
ပုဂံအင်ပါယာ မြန်မာနိုင်ငံတော် အရှင်သခင်များပင်။
"ထန်းလုံးလောက်အတိုင်းအရှည်ရှိသော ဖွေးဖွေး
ငါးမြှောင့် ငါးမျက်နှာရှိသော မြေအပြင်မှ အခိုး
ထွက်သည့် နိမိတ်အားယူ၍ ငါးမျက်နှာဘုရား
တည်ပြီးနောက် ကပ်ကမ္ဘာထက် ဘုရားငါးဆူကို
ရည်မှန်း၍ ကြေးသွန်းဘုရား ၅ ဆူ ကိန်းဝပ်
စံပါယ်တော်မူစေပေသည်။
(ကျောက်စာ ၂၊ ကြောင်းရေ ၂၂)
ကျောက်စာ ၁ ၏ ကြောင်းရေ ၁၄၊
ဘုရားတည်ရန် ဇေယျသူရ မြေနေရာရှာသည်မှ
စ၍ နရပတိစည်သူ၏ ခြေရာလက်ရာ မပါတော့ပေ။
သို့သော်လည်း သိန်းခိုမင်းထံတွင်ရှိသော သရီရ
ဓာတ်တော် အလုံး ၃၀ တွင် ဓာတ်တော် ၄ လုံး
တောင်း၍ ရသည်ဖြစ်ရာ ဘုရားဌာပနာရန်အတွက်
သိန်းခိုမင်းထံ ဓာတ်တော်တောင်းသည့်ကိစ္စမှာ
ပြည်ထောင်ချင်း မင်းနှစ်ပါးချင်း၏ အရေးကိစ္စသာ
ဖြစ်လေရာ နရပတိစည်သူ၏ အခန်းကဏ္ဍသည်
လည်း ပါဝင်မည်သာဖြစ်ပေသည်။ ဘုရားအား
လှူဒါန်းသည့် အလှူဒါနမှုများမှာလည်း အလွန်
မျာပြားလှသည်ဖြစ်ရာ နရပတိစည်သူမင်းကြီး၏
ကောင်းမှု မပါဝင်ဘဲလျက် မဖြစ်နိုင်ပါပေ။
သို့ဖြစ်ရာ ကျောက်စာအထောက်အထားအရ
ဘုရားတည်ရန် ကနဦးမြေနေရာရှာဖွေသည်မှာ
သားတော် တလုတ်နှင့်အမြင့်စား ဇေယျသူရ
ဖြစ်ပြီး တင့်တယ်သပ္ပါယ်ကြည်ညိုဖွယ်ရာ
လက်ရာမြောက်ဘုရားတည်ခြင်း၊ တည်ပြီးနောက် ကောင်းမှုဒါန စသည်တို့မှာ ခမည်းတော် နရပတိ
စည်သူမင်းကြီး မပါဝင်ပါက မဖြစ်နိုင်သည်ကြောင့်
ရာဇဝင်အရ နရပတိစည်သူမင်းကြီးကောင်းမှုဟု
မှတ်တမ်းတင်ဖော်ပြသော်လည်း၊ ကျောက်စာအရ
နရပတိစည်သူမင်းကြီးနှင့်သားတော် ဇေယျသူရ
သားအဖနှစ်ဦး ကောင်းမှုဟု ဆိုချင်မိပေသည်။
ခမည်းတော်ဖြစ်သူ မင်းသည်သာ ရာဇဝင်ထင်
ရှားသည့်အလျောက် နရပတိစည်သူမင်းကြီး
ကောင်းမှုဟု ဆိုလျှင်လည်း မှားသည်မဟုတ်ပေ။
ကျောက်စာက ဖော်ပြသော အကြောင်းအရာကိုသာ
လေ့လာဆန်းစစ်ဖော်ပြရခြင်း ဖြစ်ပေသည်။
……………………………………………………………။
ပုံစာ-
၁/ မြေအပြင်မှ ထန်းလုံးလောက် အတိုင်းအရှည်
ရှိသော ဖွေးဖွေးငါးမြှောင့် ငါးမျက်နှာရှိသော
အခိုးထွက်သည့် နိမိတ်ကိုယူ၍ ၅ မျက်နှာဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည့်
ဓမ္မရာဇက> ဓမ္မရာဇိက ဘုရား။
၂၊ ၃၊ ၄/ ဓမ္မရာဇိကဘုရား ကျောက်စာ မျက်နှာဘက် ဖတ်ချက်။ (ဦးငြိမ်းမောင်)

No comments:

Post a Comment