Wednesday, September 25, 2019

"တရုတ္တတ္မင္းႀကီး"
…………………………………………………………။

တြင္းသင္းမွာက အေလာင္းစည္သူလက္ထက္
တရုတ္စစ္လာလို့ မင္းကိုယ္တိုင္ခ်ီတက္ရျပီး
စစ္ထိုးတယ္ ဆိုပါတယ္။
အျပန္ ေတာင္ျပဳန္း အရပ္မွာ ဘုရားတည္
တယ္လို့ ဆိုပါတယ္။
ရာဇဝင္ႀကီးမွာက်ေတာ့ အေလာင္းစည္သူဟာ
တရုတ္ျပည္ကို စြယ္ေတာ္ေတာင္း သြားတယ္လို့
ဆိုပါတယ္။ အျပန္မွာ ဘုရားေတြ တည္တဲ႔အထဲ
ေတာင္ျပဳန္းမွာ တည္တဲ႔ ဘုရား ပါပါတယ္။
မွန္နန္းကေတာ့ အေလာင္းစည္သူ တရုတ္ျပည္
ကို စြယ္ေတာ္ေတာင္း သြားျပီး အျပန္
ေတာင္ျပဳန္းမွာ ဘုရားတည္တယ္လို့ ဆိုပါတယ္။
ရာဇဝင္ ၃ ေစာင္လံုးရဲ႕ ျပဆိုမႈမွာ တရုတ္နဲ႔
အဆက္အစပ္ျဖစ္တဲ႔ ကိစၥမွာ ရာဇဝင္ႀကီးနဲ႔
မွန္နန္းက တူညီျပီးေတာ့ တြင္းသင္းကေတာ့
ကြဲပါတယ္။ အားလံုးတူညီေနတဲ႔ အခ်က္ကေတာ့
အဲဒီက အျပန္ ေတာင္ျပဳန္း လွည္းေထာင္အရပ္
မွာ ဘုရား တည္တာပါပဲ။ အဲဒီ လွည္းေထာင္
ဘုရားရဲ႕ အေလာင္းစည္သူ ေကာင္းမႈ
ေက်ာက္စာဟာ အခိုင္အမာ ရွိတာေၾကာင့္
ေက်ာက္စာမွာ ဘာေတြမ်ား ေရးထိုးထားတာပါလဲ။
လွည္းေထာင္ဘုရား ေက်ာက္စာမွာေတာ့
"နေမာတႆတိ။ မင္းႀကီးေနာ္ရထာ သားခ်စ္တမူ
လည္း ျဖစ္ထေသာ၊ ထီးလိုင္အရွင္  ကလန္စစ္သား
ေျမးခ်စ္တမူလည္း ျဖစ္ထေသာ၊ ေရႊဂူဒကာ မင္းအို
ခ်မ္းသာ သက္ေတာ္ရွည္သည္၊ အမတ္ရာ ဗိုလ္ပါ
ႏွင့္_ _ _ေသာ၊ စစ္သူႀကီး လက္ဝဲ လက္ယာသည္၊
တရုတ္စစ္ကို ထိုးအံ႔ေသာငွာ လာလတ္တည္း၊
ထိုေသာအခါလ်ွင္ ေတာင္ျပဳန္းဟူေသာ အရပ္၌
မုေဌာ ႏွစ္လံုး တည္ေတာ္မူ၏၊ တစ္လံုးကိုကား
ျပဳခဲ႔၏၊ တရုတ္စစ္လည္း တက္ေလ၏။ တရုတ္
စစ္လည္း နစ္ေခ်၏၊ တရုတ္တတ္မင္းႀကီး သား
လည္း ရွိ၏၊ ထိုေသာအခါ ေတာင္ျပဳန္းဟူေသာ
အရပ္၌ မုေဌာ တစ္လံုး က်ြင္းရစ္သည္ကို ဂူႀကီး
ထပ္ေတာ္မူ၏၊ ဘုရားႀကီးလည္း တည္ေတာ္
မူ၏။ ထိုေသာအခါလ်ွင္ က်ြန္ေတာ္ လက္ဝဲလက္
ယာ ျပဳေသာ ေကာင္းမႈကို ၾကည့္ေတာ္မူအ့ံဟူ၍
ဆန္ေတာ္ မူေသာ္တည္း၊ လွည္းေထာင္ အရပ္၌
ေလွေတာ္ ဆိုက္၏၊ ဤအရပ္၌ ေနသူတို့အား
ပူေဇာ္သကၠာ မူစိမ့္ေသာငွာ ေလွေတာ္ထက္ပါ
ေသာ" စသျဖင့္ ေက်ာက္စာေရးထိုး မွတ္တမ္းတင္
ထားခဲ႔ပါတယ္။
ဒီ ေက်ာက္စာ အေထာက္အထားအရ ဆိုရင္ေတာ့
အေလာင္းစည္သူမင္း လက္ထက္ တရုတ္နဲ႔
ျမန္မာ စစ္ပြဲႀကီး ျဖစ္ခဲ႔တယ္ဆိုတာ အေသအခ်ာ
သိရမွာပဲ ျဖစ္ပါတယ္။
ဒီစစ္ပြဲမွာ ျမန္မာေတြႏိုင္ခဲ႔တယ္ ဆိုတာကိုလည္း
"တရုတ္စစ္လည္း နစ္ေခ်၏" ဆိုတဲ႔ စကားရပ္က
သက္ေသခံေနတာပါ။ "တရုတ္တတ္မင္းႀကီး
သားလည္း ရွိ၏" ဆိုတဲ႔ စကားရပ္မွာ အေလာင္း
စည္သူကို "တရုတ္တတ္မင္းႀကီး" လို့ အမႊန္း
တင္ထားတာက တရုတ္ေတြကို တတ္ႏိုင္ခဲ႔တဲ႔
မင္းႀကီးလို့ ဆိုလိုရာေရာက္ပါတယ္။ သူ့သားေတာ္
ေတြထဲက ဘယ္သားေတာ္ျဖစ္ပါတယ္လို့ေတာ့
မပါပါဘူး။ ဒီ ေနရာမွာ ပုဂံေခတ္ အသံုးအႏံႈး
အဖြဲ႕ေတြက ဂုဏ္ေျမာက္လြန္း ေနျပန္ပါတယ္။
ေဆြမ်ိဳးအစဥ္ကို စပ္ျပရာမွာလည္း "မင္းႀကီးေနာ္
ရထာ သားခ်စ္တမူလည္း ျဖစ္ထေသာ၊ ထီးလိုင္
အရွင္ ကလန္စစ္သား ေျမးခ်စ္တမူလည္း ျဖစ္ထ
ေသာ" ဆိုတဲ႔ အဖြဲ႕က တိုတိုနဲ႔ထိထိမိမိျဖစ္လွပါ
တယ္။ အေနာ္ရထာ့သား က်န္စစ္သားရဲ႕ေျမး
အေလာင္းစည္သူလို့ တန္းသိေစတဲ႔ အဖဲြဲ႕ပါ။
"တရုတ္စစ္ကို ထိုးအံ႔ေသာအခါ လာလတ္တည္း"
ဆိုတဲ႔ အဖြဲ႕ဟာလည္း အလြန္အားရွိတဲ႔ အဖြဲ႕
ျဖစ္သလို စစ္ထိုးအံ႔ဟု ႀကိမ္းဝါးလာတဲ႔ ဘုရင္
ဦးေဆာင္တဲ႔ ျမန္မာစစ္တပ္ႀကီးကို မ်က္စိထဲ တခမ္း
တနား ျမင္ေယာင္လာေစမွာပါ။ ရာဇဝင္ႀကီးဆရာ
ဦးကုလားရဲ႕ ခန့္ညားေကာင္းမြန္လွတဲ႔ ရာဇဝင္
အဖြဲ႕အေရးအသားေတြေတာင္မွ ေမွးမွိန္ေဖ်ာ့ေတာ့
သြားသလိုပါပဲ။ စစ္သူႀကီးက လက္ဝဲ လက္ယာ၊
အမတ္ ဗိုလ္ပါ မ်ားစြာနဲ႔ တရုတ္ကိုစစ္ထိုးအံ႔ဟု
ခင္းက်င္းလာတဲ႔ ပုဂံအင္ပါယာအရွင္သခင္ ျမန္မာ
ဘုရင္ရဲ႕ ခမ္းနားႀကီးက်ယ္မႈကို ျမင္မိလာမွာပါ။
မုေဌာ ႏွစ္လံုးမွာ တစ္လံုးတည္ျပီးေတာ့မွ တရုတ္
ကို သြားတိုက္တဲ႔ အေနအထားက တည္ျငိမ္ေအး
ေဆးတဲ႔ အေနအထားနဲ႔ မိမိကိုယ္ကိုယ္ ယံုၾကည္မႈ
ဘယ္ေလာက္ရွိေၾကာင္း ခန့္မွန္းႏိုင္မွာပါပဲ။
"တရုတ္စစ္လည္း တက္ေလ၏၊ တရုတ္စစ္လည္း
နစ္ေခ်၏" ဆိုတဲ႔ အဖြဲ႕ေတြက က်စ္က်စ္လစ္လစ္နဲ႔
စစ္ပြဲရဲ႕ အခင္းအက်င္းကို ေဖာ္ျပေနတာပါပဲ။
ဦးကုလားရဲ႕ ေရွ႕ ႏွစ္ေပါင္းမ်ားစြာက အေရး
အဖြဲ႕ဟာ ဦးကုလားထက္ေတာင္ သာေနတာ
အမွန္ပါပဲ။ ပုဂံေခတ္ ျမန္မာေတြရဲ႕ ဘက္စံု ခမ္းနား
ထည္ဝါမႈေတြထဲက စာေပ အေရးအဖြဲ႕ရဲ႕ ခမ္းနား
ထည္ဝါမႈ ဘယ္ေလာက္ အားေကာင္းတယ္
ဆိုတာကို အတိအက် ျပေနတာပါ။
တရုတ္နဲ႔ စစ္ျဖစ္ၾကရာမွာ တရုတ္ေတြ စစ္ရံႈး
ေၾကာင္းကို "တရုတ္စစ္လည္း နစ္ေခ်၏" ဆိုတဲ႔
အဖြဲ႕က ရွင္းလင္းလြန္းလွသလို ေရွ႕က သမိုင္း
ပညာရွင္ဆိုသူ အခ်ိဳ႕ရဲ႕ ေကာက္ခ်က္ခ်မႈျဖစ္တဲ႔
ပုဂံေခတ္မွာ ျမန္မာေတြဟာ စာတတ္ခါစမို့လို့ ေျပာစရာ စကားမရွိတာေၾကာင့္ စကားကို
တိုတိုျပတ္ျပတ္ပဲေျပာတယ္ဆိုတဲ႔ အေတြးအေခၚ
အယူအဆကို ဒီ ေက်ာက္စာ အေရးအသားက
တိတ္ဆိတ္စြာ ေခါင္းခါျပေနတာလည္းပဲ ျဖစ္ပါ
တယ္။ အေလာင္းစည္သူလက္ထက္ တရုတ္နဲ႔
ဘယ္ေနရာမွာ စစ္ထိုးၾကတယ္။ တရုတ္ေတြ
ဘယ္လို စစ္႐ံႈးသြားတယ္။ ျမန္မာေတြ ဘယ္လို
စစ္တိုက္ၾကတယ္။ ဘာေၾကာင့္ တရုတ္နဲ႔ စစ္ျဖစ္
ရတယ္ ဆိုတာေတြက အလြန္ပဲ သိခ်င္စရာေကာင္း
လြန္းလွပါတယ္။ အေလာင္းစည္သူ စြယ္ေတာ္
ေတာင္းျပီး အျပန္က်မွ တရုတ္က လာတိုက္တာ
လား။ ဒါမွ မဟုတ္ တရုတ္ကပဲ သက္သက္ က်ဴး
ေက်ာ္တာလား။ ႏွစ္ခုစလံုးကပဲ အေလာင္းစည္သူ
လက္ထက္ တရုတ္ ျမန္မာ စစ္ပြဲျဖစ္ပြားရျခင္းရဲ႕
အေၾကာင္းအရင္းခံေတြပဲလား။ ဒါေတြကိုေတာ့
တရုတ္စစ္ကို နစ္ေစတဲ႔ "တရုတ္တတ္မင္းႀကီး"
သာလ်ွင္ အသိဆံုး ျဖစ္မွာပါပဲ။
…………………………………………………………။
ပံုစာ - လွည္းေထာင္ဘုရား ေက်ာက္စာႏွင့္ဖတ္ခ်က္။

………………………………………………………

"တရုတ်တတ်မင်းကြီး"
…………………………………………………………။
တွင်းသင်းမှာက အလောင်းစည်သူလက်ထက်
တရုတ်စစ်လာလို့ မင်းကိုယ်တိုင်ချီတက်ရပြီး
စစ်ထိုးတယ် ဆိုပါတယ်။
အပြန် တောင်ပြုန်း အရပ်မှာ ဘုရားတည်
တယ်လို့ ဆိုပါတယ်။
ရာဇဝင်ကြီးမှာကျတော့ အလောင်းစည်သူဟာ
တရုတ်ပြည်ကို စွယ်တော်တောင်း သွားတယ်လို့
ဆိုပါတယ်။ အပြန်မှာ ဘုရားတွေ တည်တဲ့အထဲ
တောင်ပြုန်းမှာ တည်တဲ့ ဘုရား ပါပါတယ်။
မှန်နန်းကတော့ အလောင်းစည်သူ တရုတ်ပြည်
ကို စွယ်တော်တောင်း သွားပြီး အပြန်
တောင်ပြုန်းမှာ ဘုရားတည်တယ်လို့ ဆိုပါတယ်။
ရာဇဝင် ၃ စောင်လုံးရဲ့ ပြဆိုမှုမှာ တရုတ်နဲ့
အဆက်အစပ်ဖြစ်တဲ့ ကိစ္စမှာ ရာဇဝင်ကြီးနဲ့
မှန်နန်းက တူညီပြီးတော့ တွင်းသင်းကတော့
ကွဲပါတယ်။ အားလုံးတူညီနေတဲ့ အချက်ကတော့
အဲဒီက အပြန် တောင်ပြုန်း လှည်းထောင်အရပ်
မှာ ဘုရား တည်တာပါပဲ။ အဲဒီ လှည်းထောင်
ဘုရားရဲ့ အလောင်းစည်သူ ကောင်းမှု
ကျောက်စာဟာ အခိုင်အမာ ရှိတာကြောင့်
ကျောက်စာမှာ ဘာတွေများ ရေးထိုးထားတာပါလဲ။
လှည်းထောင်ဘုရား ကျောက်စာမှာတော့
"နမောတဿတိ။ မင်းကြီးနော်ရထာ သားချစ်တမူ
လည်း ဖြစ်ထသော၊ ထီးလိုင်အရှင်  ကလန်စစ်သား
မြေးချစ်တမူလည်း ဖြစ်ထသော၊ ရွှေဂူဒကာ မင်းအို
ချမ်းသာ သက်တော်ရှည်သည်၊ အမတ်ရာ ဗိုလ်ပါ
နှင့်_ _ _သော၊ စစ်သူကြီး လက်ဝဲ လက်ယာသည်၊
တရုတ်စစ်ကို ထိုးအံ့သောငှာ လာလတ်တည်း၊
ထိုသောအခါလျှင် တောင်ပြုန်းဟူသော အရပ်၌
မုဌော နှစ်လုံး တည်တော်မူ၏၊ တစ်လုံးကိုကား
ပြုခဲ့၏၊ တရုတ်စစ်လည်း တက်လေ၏။ တရုတ်
စစ်လည်း နစ်ချေ၏၊ တရုတ်တတ်မင်းကြီး သား
လည်း ရှိ၏၊ ထိုသောအခါ တောင်ပြုန်းဟူသော
အရပ်၌ မုဌော တစ်လုံး ကျွင်းရစ်သည်ကို ဂူကြီး
ထပ်တော်မူ၏၊ ဘုရားကြီးလည်း တည်တော်
မူ၏။ ထိုသောအခါလျှင် ကျွန်တော် လက်ဝဲလက်
ယာ ပြုသော ကောင်းမှုကို ကြည့်တော်မူအ့ံဟူ၍
ဆန်တော် မူသော်တည်း၊ လှည်းထောင် အရပ်၌
လှေတော် ဆိုက်၏၊ ဤအရပ်၌ နေသူတို့အား
ပူဇော်သက္ကာ မူစိမ့်သောငှာ လှေတော်ထက်ပါ
သော" စသဖြင့် ကျောက်စာရေးထိုး မှတ်တမ်းတင်
ထားခဲ့ပါတယ်။
ဒီ ကျောက်စာ အထောက်အထားအရ ဆိုရင်တော့
အလောင်းစည်သူမင်း လက်ထက် တရုတ်နဲ့
မြန်မာ စစ်ပွဲကြီး ဖြစ်ခဲ့တယ်ဆိုတာ အသေအချာ
သိရမှာပဲ ဖြစ်ပါတယ်။
ဒီစစ်ပွဲမှာ မြန်မာတွေနိုင်ခဲ့တယ် ဆိုတာကိုလည်း
"တရုတ်စစ်လည်း နစ်ချေ၏" ဆိုတဲ့ စကားရပ်က
သက်သေခံနေတာပါ။ "တရုတ်တတ်မင်းကြီး
သားလည်း ရှိ၏" ဆိုတဲ့ စကားရပ်မှာ အလောင်း
စည်သူကို "တရုတ်တတ်မင်းကြီး" လို့ အမွှန်း
တင်ထားတာက တရုတ်တွေကို တတ်နိုင်ခဲ့တဲ့
မင်းကြီးလို့ ဆိုလိုရာရောက်ပါတယ်။ သူ့သားတော်
တွေထဲက ဘယ်သားတော်ဖြစ်ပါတယ်လို့တော့
မပါပါဘူး။ ဒီ နေရာမှာ ပုဂံခေတ် အသုံးအနှုံး
အဖွဲ့တွေက ဂုဏ်မြောက်လွန်း နေပြန်ပါတယ်။
ဆွေမျိုးအစဉ်ကို စပ်ပြရာမှာလည်း "မင်းကြီးနော်
ရထာ သားချစ်တမူလည်း ဖြစ်ထသော၊ ထီးလိုင်
အရှင် ကလန်စစ်သား မြေးချစ်တမူလည်း ဖြစ်ထ
သော" ဆိုတဲ့ အဖွဲ့က တိုတိုနဲ့ထိထိမိမိဖြစ်လှပါ
တယ်။ အနော်ရထာ့သား ကျန်စစ်သားရဲ့မြေး
အလောင်းစည်သူလို့ တန်းသိစေတဲ့ အဖွဲဲ့ပါ။
"တရုတ်စစ်ကို ထိုးအံ့သောအခါ လာလတ်တည်း"
ဆိုတဲ့ အဖွဲ့ဟာလည်း အလွန်အားရှိတဲ့ အဖွဲ့
ဖြစ်သလို စစ်ထိုးအံ့ဟု ကြိမ်းဝါးလာတဲ့ ဘုရင်
ဦးဆောင်တဲ့ မြန်မာစစ်တပ်ကြီးကို မျက်စိထဲ တခမ်း
တနား မြင်ယောင်လာစေမှာပါ။ ရာဇဝင်ကြီးဆရာ
ဦးကုလားရဲ့ ခန့်ညားကောင်းမွန်လှတဲ့ ရာဇဝင်
အဖွဲ့အရေးအသားတွေတောင်မှ မှေးမှိန်ဖျော့တော့
သွားသလိုပါပဲ။ စစ်သူကြီးက လက်ဝဲ လက်ယာ၊
အမတ် ဗိုလ်ပါ များစွာနဲ့ တရုတ်ကိုစစ်ထိုးအံ့ဟု
ခင်းကျင်းလာတဲ့ ပုဂံအင်ပါယာအရှင်သခင် မြန်မာ
ဘုရင်ရဲ့ ခမ်းနားကြီးကျယ်မှုကို မြင်မိလာမှာပါ။
မုဌော နှစ်လုံးမှာ တစ်လုံးတည်ပြီးတော့မှ တရုတ်
ကို သွားတိုက်တဲ့ အနေအထားက တည်ငြိမ်အေး
ဆေးတဲ့ အနေအထားနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု
ဘယ်လောက်ရှိကြောင်း ခန့်မှန်းနိုင်မှာပါပဲ။
"တရုတ်စစ်လည်း တက်လေ၏၊ တရုတ်စစ်လည်း
နစ်ချေ၏" ဆိုတဲ့ အဖွဲ့တွေက ကျစ်ကျစ်လစ်လစ်နဲ့
စစ်ပွဲရဲ့ အခင်းအကျင်းကို ဖော်ပြနေတာပါပဲ။
ဦးကုလားရဲ့ ရှေ့ နှစ်ပေါင်းများစွာက အရေး
အဖွဲ့ဟာ ဦးကုလားထက်တောင် သာနေတာ
အမှန်ပါပဲ။ ပုဂံခေတ် မြန်မာတွေရဲ့ ဘက်စုံ ခမ်းနား
ထည်ဝါမှုတွေထဲက စာပေ အရေးအဖွဲ့ရဲ့ ခမ်းနား
ထည်ဝါမှု ဘယ်လောက် အားကောင်းတယ်
ဆိုတာကို အတိအကျ ပြနေတာပါ။
တရုတ်နဲ့ စစ်ဖြစ်ကြရာမှာ တရုတ်တွေ စစ်ရှုံး
ကြောင်းကို "တရုတ်စစ်လည်း နစ်ချေ၏" ဆိုတဲ့
အဖွဲ့က ရှင်းလင်းလွန်းလှသလို ရှေ့က သမိုင်း
ပညာရှင်ဆိုသူ အချို့ရဲ့ ကောက်ချက်ချမှုဖြစ်တဲ့
ပုဂံခေတ်မှာ မြန်မာတွေဟာ စာတတ်ခါစမို့လို့ ပြောစရာ စကားမရှိတာကြောင့် စကားကို
တိုတိုပြတ်ပြတ်ပဲပြောတယ်ဆိုတဲ့ အတွေးအခေါ်
အယူအဆကို ဒီ ကျောက်စာ အရေးအသားက
တိတ်ဆိတ်စွာ ခေါင်းခါပြနေတာလည်းပဲ ဖြစ်ပါ
တယ်။ အလောင်းစည်သူလက်ထက် တရုတ်နဲ့
ဘယ်နေရာမှာ စစ်ထိုးကြတယ်။ တရုတ်တွေ
ဘယ်လို စစ်ရှုံးသွားတယ်။ မြန်မာတွေ ဘယ်လို
စစ်တိုက်ကြတယ်။ ဘာကြောင့် တရုတ်နဲ့ စစ်ဖြစ်
ရတယ် ဆိုတာတွေက အလွန်ပဲ သိချင်စရာကောင်း
လွန်းလှပါတယ်။ အလောင်းစည်သူ စွယ်တော်
တောင်းပြီး အပြန်ကျမှ တရုတ်က လာတိုက်တာ
လား။ ဒါမှ မဟုတ် တရုတ်ကပဲ သက်သက် ကျူး
ကျော်တာလား။ နှစ်ခုစလုံးကပဲ အလောင်းစည်သူ
လက်ထက် တရုတ် မြန်မာ စစ်ပွဲဖြစ်ပွားရခြင်းရဲ့
အကြောင်းအရင်းခံတွေပဲလား။ ဒါတွေကိုတော့
တရုတ်စစ်ကို နစ်စေတဲ့ "တရုတ်တတ်မင်းကြီး"
သာလျှင် အသိဆုံး ဖြစ်မှာပါပဲ။
…………………………………………………………။
ပုံစာ - လှည်းထောင်ဘုရား ကျောက်စာနှင့်ဖတ်ချက်။

No comments:

Post a Comment